ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

ပေါင်းတည် မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်းတွင် ဆင်လူးကျေးရွာအုပ်စု၊ လုံးလှကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စားသုံးဆီသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့် ကိုက်ညီမည့်အခြား စိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမို စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ယူရီးယားဓာတ်မြေသြဇာပေါင်းသတ်ဆေး စနစ်တကျသုံးစွဲရေး၊ သစ်ရွက်စိမ်းမြေသြဇာ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ နေကြာ၊ မတ်ပဲ၊ မြေပဲ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများမှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သိရှိလိုသည်တို့ကိုမေးမြန်းရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့​ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)