ပလောက်မြို့တွင် မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

ပလောက် မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကျောက်လုံးကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက မိုးစပါး အထွက်နှုန်း တိုးတက်မြှင့်မားရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊  မြေဩဇာစနစ်တကျသုံးစွဲရေး နည်းလမ်းများ၊ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ပြောင်းလဲသုံးစွဲရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း၊ ပိုးသတ်ဆေး စနစ်တကျသုံးစွဲနည်းနှင့် GAP နည်းလမ်းဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူပညာပေးဆွေးနွေးပွဲသို့ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ပြီး တောင်သူလယ်သမားများက သိရှိလိုသည့် အချက်များကို မေးမြန်းကြရာ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးဦးသော်ဇင်ထွန်းမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)