ကော့ကရိတ်မြို့နယ်တွင် ပထမပြန်စာအောင် သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကော့ကရိတ် မေ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာ၊ သီလရှင်လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၆) ရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်သည်။ ဆက်လက်ပြီး ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ကြီးကြပ်ဆရာတော်များနှင့် စာချဆရာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ပထမကြီးတန်းအောင် သံဃာ ၁ ပါး ပထမလတ်တန်းအောင် သံဃာ ၄ ပါး၊ ပထမငယ်တန်းအောင် သံဃာနှင့်သီလရှင် ၇ ပါး၊ အခြေပြုမူလတန်းအောင် သံဃာ၊ သီလရှင် ၄၀ ပါးနှင့် လူပုဂ္ဂိုလ် ၅ ဦး၊ စုစုပေါင်း သံဃာ/သီလရှင်(၅၂)ပါး၊ လူပုဂ္ဂိုလ်(၅)ဦးတို့ကို တက်ရောက်လာသူများက ဘွဲ့တံဆိပ်၊ စာအောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကုသိုလ်ရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ ပြန်၊ ဆက်)