အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်(၂၀၂၂)တွင် ကရင်ပြည်နယ်မှ အာဆီယံခရီးသွားလုပ်ငန်းဆု ၁၁ ဆု ရရှိခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှထပ်ဆင့်ဂုဏ်ပြုချီးမြှင့်

ဘားအံ မေ ၁၂

ကမ္ဘောဒီးယားနိုင်ငံ၊ ပရိဆီဟာနုပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော အာဆီယံခရီး သွားဖိုရမ်(၂၀၂၂)၌ ကရင်ပြည်နယ်မှ အာဆီယံခရီးသွား လုပ်ငန်းဆု(၁၁)ဆုရရှိခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ Zwekapin Valley Resort & Spa Hotel ၌ ကျင်းပသည်။

ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည် နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာနိုင်ငံအတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု(၁၆)မျိုး တွင် ဆုလက်မှတ်(၂၅)ခု ပေးအပ်ချီးမြှင့်ခဲ့ရာ ကရင်ပြည်နယ်မှဆုလက်မှတ်(၁၁)ခုရရှိခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆုများရရှိအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သော ခရီးသွား လုပ်ငန်းနယ်ပယ်များမှ ဟိုတယ်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ စာသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း(ကရင်ဇုန်)၊ ပြည်နယ်ဧည့်လမ်းညွှန်အသင်းနှင့် Dawna Pinnacle Tourism Co.,Ltd(Tour Company)တို့အား ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ကရင်ပြည်နယ်၏သဘာဝရေမြေတောတောင် အလှအပများနှင့် ခရီးသွားအခြေခံများကို အကြောင်းပြုပြီး ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲ စေရေးနှင့် ပိုမိုဆွဲဆောင်မှုကောင်းမွန်လာအောင် ကရင်ပြည်နယ်အား ခရီးသွားပြည်နယ်(Tourism State)အဖြစ်လည်းကောင်း၊ ဘားအံမြို့ကို ခရီးသွားမြို့တော်(Tourism City)အဖြစ်လည်းကောင်း ကြိုးပမ်းဆောင်ကြရန်အတွက် ကျင်းပပြီးခဲ့သည် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၄/၂၀၂၂)တွင် ကော်မတီဝင်များအား ရည်ရွယ်ချက်၊ ရည်မှန်းချက်ထားဆောင်ရွက်ကြရန် မှာကြားထားပြီးဖြစ်ကြောင်း၊ အာဆီယံဒေသတွင်းခရီးသွားဆုများကို နှစ်စဉ်နှစ်တိုင်းထပ်မံရရှိ နိုင်ရေးခရီးသွားနယ်ပယ်ရှိ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးကော်မတီအကြံပေး၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်ဒေါ်မေမြတ်မွန်ဝင်းက ကရင်ပြည်နယ်၏ ခရီးသွား လုပ်ငန်းအလားအလာများ၊ ရရှိခဲ့သောဆုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က အာဆီယံအစိမ်းရောင်ဟိုတယ်များ စံနှုန်းဆုရရှိသော My Hpaan Residence Hotel ၊ အာဆီယံရေရှည်တည်တံ့ခိုင်မြဲသောခရီးစဉ်ဒေသဆု ရရှိသော Zwekapin Valley Resort & Spa Hotel ၊  Kayin Regional Tourism Development Committee ၊ Municipal Hpaan( Kayin Zone)(Public Toilet) ဆုများကိုလည်းကောင်း၊ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ASEAN Sustainable Tourism Award-2022 ဆု (၃)ဆုအားလည်းကောင်း၊ ကရင် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးက ASEAN Sustainable Tourism Award-2022 ဆု(၂)ဆုကိုလည်းကောင်း၊ ဘားအံခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO)ဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ASEAN Sustainable Tourism Award-2022 ဆု(၂)ဆုကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ် အစိုးရအဖွဲ့မှထပ်ဆင့်ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ခရီးစဉ်ဒေသဆုရ Zwekapin Valley Resort & Spa Hotel အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)