ဘားအံ မေ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (ဘားအံ)၏ ဘွဲ့ကြို(ပထမနှစ်) ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက နည်းပညာ တက္ကသိုလ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့သည်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား/သူများကို နည်းပညာတက္ကသိုလ်များတွင် ပညာသင်ယူနိုင်ရန်အတွက် ကျောင်းများစတင်ဖွင့်လှစ်သည့် နေ့တစ်နေ့လည်းဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်ကိုဝင်ခွင့်ရသည့်အတွက် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/မများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ နည်းပညာတက္ကသိုလ် (ဘားအံ)သည် ISO စည်းမျဉ်းများနှင့်အညီ လုပ်ဆောင် သည့် တက္ကသိုလ်ဖြစ်သည့်အတွက် (၇၅)ရာခိုင်နှုန်း ကျောင်းတက်ရက်ပြည့်ရမှာဖြစ်ကြောင်း၊ Pratical များကိုလည်း လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ကျောင်းသား/သူများနေထိုင်မည့် အဆောင်များကိုလည်းလျှောက်ထားနိုင်ကြောင်း နွေးထွေးစွာနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(ဘားအံ)မှ ဘာသာရပ်များသင်ကြားပေးမည့် ဌာနမှူးများ က မိတ်ဆက်စကားပြောကြားရာတွင် စက်မှုအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ အင်္ဂလိပ်စာဌာန၊ အင်ဂျင်နီယာအထောက် အကူပြုဌာနများမှ ဌာနမှူးများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး သင်ကြားမည့်ဘာသာရပ်များအား ရှင်းလင်းဆွေးနွေးပြီးနောက် ကျောင်းသား/သူများမှ တစ်ဦးချင်းပြန်လည်မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ဝင်ခွင့်ရရှိသည့် ကျောင်းသား/ သူ (၁၂၄) ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)