ရွှေကျင် မေ ၁၂
ရွှေကျင်မြို့နယ်၊ ကံဘေးအိုင်ကျေးရွာတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့လုပ်ငန်းများအား အရှိန်အဟုန်မပျက် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်မှာကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံစိုက်ပျိုးထုတ်လုပ်ရန် ခေတ်မီနည်းပညာများ၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များကို အကျယ်တဝင့်ပြောကြားဆွေးနွေးခြင်း၊ သဘာဝမြေဆွေးပုံပြုလုပ် သုံးစွဲနည်း၊ ဥယျာဉ်ခြံသီးနှံများအတွက် အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်နိုင်ရန် လိင်မဲ့နည်းဖြင့် မျိုးပွားခြင်းဖြစ်သည့် ကိုင်းကူး၊ ကိုင်းဆက်ခြင်း၊ အဖူးကူးခြင်း နည်းပညာများကို လက်တွေ့ပြသဆောင်ရွက်ခြင်းများဖြင့် တောင်သူနည်ပညာပေးသင်တန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူ (၇၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)