နည်းပညာတက္ကသိုလ်(မကွေး)နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)တို့တွင် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲပြုလုပ်

မကွေး မေ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊  နည်းပညာတက္ကသိုလ် (မကွေး) နှင့် ကွန်ပျူတာတက္ကသိုလ် (မကွေး)တို့တွင် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါတက္ကသိုလ်အသီးသီးရှိ ဘွဲ့နှင်းသဘင်ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ် (မကွေး) ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့ကြို(ပထမနှစ်) မောင်မယ် သစ်လွင် ကျောင်းသား/သူများအား  ဌာနကြီးမှူးသင်တန်းရေးရာ ဒေါက်တာယဉ်မူသွဲ့က အမှာစကား ပြောကြားရာ နည်းပညာတက္ကသိုလ်(မကွေး)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ ဓာတုအင်ဂျင်နီယာဘာသာရပ်၊ မက္ကာထရောနစ်အင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားပေးလျက် ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းကို ကျောင်းသား/သူ (၁၇၉) ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း၊ ယနေ့မှစ၍ ပထမနှစ် ကျောင်းသား/ သူများအား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ရူပဗေဓ ဘာသာရပ်များ စတင်သင်ကြား ပို့ချမည် ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများ ကျောင်းခေါ်ချိန်ပြည့်မီစွာ တက်ရောက် သင်ကြားရမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ဘာသာရပ်အလိုက် ဌာနမှူးများနှင့် ဆရာ/မများက မိတ်ဆက် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့ကြို(ပထမနှစ်) မောင်မယ် သစ်လွင် ကျောင်းသား/သူများအား ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်က အမှာစကားပြောကြားရာ  ပထမနှစ်၊ ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ၊ ဒုတိယနှစ် ကွန်ပျူတာနည်းပညာ၊ တတိယနှစ် ကွန်ပျူတာသိပ္ပံ၊ တတိယနှစ်ကွန်ပျူတာနည်းပညာ၊ ပဉ္စမနှစ်ကွန်ပျူတာသိပ္ပံ၊ ပဉ္စမနှစ်ကွန်ပျူတာ နည်းပညာသင်တန်းများအား ကျောင်းသား/သူများ (၁၂-၅-၂၀၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း၊ ကွန်ပျူတာတက္ကသိုလ်တွင် သင်ကြားပို့ချလျက် ရှိသော ဘာသာရပ်များ၊ ဘာသာရပ်အလိုက် မွေးထုတ်အင်အားစာရင်းများ၊ တက္ကသိုလ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်များ၊ ‌ကျောင်းသား/သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး၊ တစ်ဦးချင်း မိတ်ဆက်ခြင်း၊ ကျောင်းဆိုင်ရာ သိသင့်သိထိုက်သည်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စာကြည့်တိုက်နှင့် လက်တွေ့ခန်းများအား ရှင်းလင်းပြသဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုအောင်(ပြန်/ဆက်)