သဲကုန်း မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် (အပတ်စဉ်စနေနေ့)တိုင်း စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးက စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ မိမိရုံးအလိုက် ဆောင်ရွက်ရန်နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေမြောင်းဖော်ခြင်း၊ လမ်းဘေးဝဲယာ သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း၊ လမ်းနှင့်မလွတ်ကင်းသည့် သစ်ကိုင်းသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အပတ်စဉ် စနေနေ့တိုင်း စုပေါင်းဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်၊ပြန်/ဆက်