ပဲခူး မေ ၁၂
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး ရေးသားထားသည့် “ လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး စာရေးဆရာ မောင်မင်းစိုး ရေးသားထားသော” လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်”စာအုပ်ပါ အသိပညာပေး ဆောင်းပါးများကို(Book Club) စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်းဝင် ဦးသက်ဖြိုးကြိုင်က “လူငယ်နဲ့ အထက်တန်းစား စိတ်ဓာတ်”၊ ဒေါ်ကြူကြူမြင့်က “လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး”၊ ဒေါ်ဖြူဖြူရှိန်က “လူငယ်နဲ့ လိုအပ်ချက်များ”၊ ဒေါ်ဇာဇာလွင်က “လူငယ်နဲ့တန်ဖိုး”၊ ဦးဟိန်းသူနိုင်က “လူငယ်နဲ့ ပျော်ရွှင်မှု” စသည့် အသိပညာပေး ဆောင်းပါး အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပဲခူးမြို့ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ပဲခူးခရိုင်၊ ပြန်/ဆက်)