မြိတ် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကဘင်းကျေးရွာရှိ နည်းပညာတက္ကသိုလ်(မြိတ်)၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပခဲ့သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ကျောင်းသား၊ ကျောင်းသူများ အင်ဂျင်နီယာအတတ်ပညာနှင့် ဘာသာရပ်အကြောင်းပိုမိုသိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်း သူအချင်းချင်း ချစ်ကြည်ရင်းနှီး မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ နည်းပညာတက္ကသိုလ်(မြိတ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/သူများအား မောင်မယ်တို့အနေနှင့် မောင်မယ်တို့ အမိနည်းပညာတက္ကသိုလ်မှာ ပညာဝမ်းစာဖြည့်တင်းပြီး အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာများ၊ ဘာသာအလိုက်ကျွမ်းကျင် ပိုင်နိုင်သော နည်းပညာရှင်များဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းစကားပြောကြားခဲ့သည်။
ထို့နောက် တက္ကသိုလ်မော်ကွန်းထိန်း ဒေါ်ဝါဝါခိုင်က အဆောင်စည်းကမ်း၊ စာမေးပွဲ စည်းကမ်းဆိုင်ရာများကို ပြောကြားပြီး ဘာသာရပ်ဌာနမှူးများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ဘာသာရပ်အကြောင်း မိတ်ဆက်ပြောကြားကြသည်။ ဆက်လက်၍ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ကျောင်းတက်ရသည့်အတွ့အကြုံများကို မောင်မယ်သစ်လွင်များ ရှင်းလင်းပြောကြားသည်။
နည်းပညာတက္ကသိုလ်တွင် မေလ(၁၂)ရက်မှစတင်ကာ သင်ကြားရေးဌာနများတွင် ပထမနှစ် (ပထမနှစ်ဝက်)နှင့် (ဒုတိယနှစ်ဝက်)အတန်းချိန်တို့၌ ကျောင်း သား/သူ(၄၀)ဦးနှင့် ပညာသင်နှစ် သင်တန်းနှစ် အသီးသီးတွင် သင်ကြားသင်ယူမှုများကို စတင်ဆောင်ရွက်လျက်ရှိကြပြီး ယခုနှစ် ပညာသင်နှစ်၌ နည်းပညာတက္ကသိုလ်(မြိတ်)တွင် ကျောင်းသား/သူ(၈၆၇)ဦးရှိကြောင်း တက္ကသိုလ်မှ သိရသည်။
နည်းပညာတက္ကသိုလ်(မြိတ်)တွင် အင်ဂျင်နီယာပညာဌာနကြီးလေးခုနဲ့ စာပေပညာဌာနများနှင့် ဘာသာစကားဌာနစသည့် ဌာနများဖြင့် စီမံ/သင်ကြားရေး ဆရာ/ဆရာမ(၉၀)ဦးကျော်မှ သင်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ်(မြိတ်)မှ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှစတင်၍ လူငယ်မောင်မယ်များအား AGTI ဒီပလိုမာ (၉၉၂)ဦး၊ B.Tech ဘွဲ့ရ (၈၅၈) ဦး၊ B.E. ဘွဲ့ရ (၇၆၀) ဦး၊ စုစုပေါင်း(၂၆၁၀)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)