ပန်းတနော် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၁၂၈)ကြိမ်မြောက် သမိုင်းဝင်ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့် ကဆုန်ညောင်ရေသွန်း ပွဲတော်ကျင်းပရန်အတွက် အဆိုပါ သမိုင်းဝင်ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဓန္ဓကုဋီစံကျောင်းတော်မှ ယာယီစံကျောင်းတော်သို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က သွားရောက်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို မေလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ မြို့ကွက်သစ်ရပ်ကွက်တို့တွင် (၄)ရက်တိုင်တိုင် ဒေသစာရီ အပူဇော်ခံ ကြွရောက်မည်ဖြစ်ပြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် တရားပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)