စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းနီလမ်းနှင့် ထင်းရှူးလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းနီလမ်းနှင့် ထင်းရှူးလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အဆိုပါ လမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ဟာ မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်စေပြီး ခေတ်နှင့်အညီ လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၁-ခုနှစ်မှစ၍ မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းများကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် ပေးနိုင်ခဲ့တဲ့အတွက် အများပြည်သူများ အဆင့်မြင့်လမ်းကို စိတ်ချမ်းမြေ့စွာ သုံးစွဲနိုင်ပြီ ဖြစ်ပါကြောင်း၊ နိုင်လွန်ကတ္တရာခင်းခြင်းအားဖြင့် မုံရွာမြို့၊ လူထုတစ်ရပ်လုံး အကျိုးများစွာ ရှိသည့်အပြင် ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကားသည့် လမ်းဖြစ်ခြင်းကြောင့် မြို့အနီးရှိ ကျေးရွာသူ၊ ကျေးရွာသားများပါ အသုံးပြုနိုင်သည့် လမ်းများလည်းဖြစ်ပါကြောင်း၊ အစိုးရသစ်လက်ထက် တာဝန်ယူခဲ့သည့်အချိန်မှစ၍ ပြည်သူလူထု၏ အကျိုးစီးပွား ရည်ရွည်ပြီး နိုင်လွန်ကတ္တရာလမ်းသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေးကဏ္ဍများလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ မုံရွာမြို့ဟာ တိုင်းဒေသကြီး မြို့တော်ဖြစ်သည်နှင့်အညီ မိမိမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက စိန်ပန်းနီလမ်းနှင့် ထင်းရှူးလမ်း နိုင်လွန်ကတ္တရာလမ်းများနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါ မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ မြို့သစ်ရပ်ကွက်ရှိ၊ စိန်ပန်းနီလမ်းနှင့် ထင်းရှူးလမ်း နိုင်လွန်ကတ္တရာလမ်းများသည် တစ်လမ်းလျင် အရှည် ၉၉၀ ပေ၊ ၂ လမ်းပေါင်းအရှည် ၁၉၈၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မခွဲထု ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၇၉) သန်းဖြင့်  မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်