ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ပန်းတနော် မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ ပခုက္ကူဦးအုန်းဖေ စာကြည့်တိုက် ကော်မတီအတွင်းရေးမှူး ဦးသိန်းခိုင်ဦးမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က စာအုပ်စာစောင်များ လှူဒါန်းရခြင်းသည် များစွာအကျိုးကျေးဇူး ကြီးမားပါကြောင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာ အတက်ပညာ ဗဟုသုတများ တိုးပွားလာမည်ဖြစ်ပါကြောင်း စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ပြီး စာအုပ်အလှူရှင် ဦးသိန်းခိုင်ဦးမှ စာကြည့်တိုက်များတွင် စာအုပ်စာစောင် တိုးပွားရေးနှင့် လူငယ်လူရွယ်များအား စာပေဖတ်ရှုမှုကို စိတ်ပါဝင်စားအောင် စည်းရုံးဆောင်ရွက်စေလိုကြောင်း၊ စာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ လာရောက်လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အဖွဲ့ဝင် (၂)ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဝတ္တု စသည့် စာအုပ်စာစောင် စုစုပေါင်း ၂၀၀ အုပ်ခန့်အား လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)