နည်းပညာတက္ကသိုလ်(ပုသိမ်)၌ မောင်မယ်သစ်လွင် ကြိုပွဲအခမ်းအနားကျင်းပ

ပုသိမ် မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် အပင်နှစ်ဆယ်ကျေးရွာရှိ နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ဘွဲ့ကြို(ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများအတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သူရက ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဌာနကြီးမှူး(သင်တန်း) ဒေါက်တာဇင်မော်ဦးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူးများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့သည်။

အဆိုပါတက္ကသိုလ် ဖွင့်လှစ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးတို့ကို လမ်းညွှန်မှာကြားကာ ကျောင်းလာရောက်အပ်နှံသည့် မိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)