မကွေး မေ ၁၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား မေလ ၁၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေး ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား/သူ(၁၄၈)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ် အသီးသီးကို မေလ ၁၂ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ မိမိတို့ မကွေးပညာရေးဒီဂရီ ကောလိပ်ကိုလည်း စတင်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက် များနှင့်အညီ စာသင်ခန်းများအား ပြင်ဆင်ထားရှိပါကြောင်း၊ အတန်းများအနေဖြင့် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းနှင့် ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်း တို့ကို ဖွင့်လှစ်ထားပြီး ဘာသာရပ်(၉)မျိုးအပြင် ကာယနှင့်အနုပညာဘာသာရပ်များကိုပါ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပညာရေးဒီဂရီကောလိပ်များ ဖွင့်လှစ်ခြင်းဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်နေသော အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး မကွေးပညာရေး ဒီဂရီကောလိပ်အနေဖြင့် ယနေ့အချိန်ထိ ကျောင်းအပ်နှံထားရှိသူ ကျောင်းသား/သူ(၁၄၈)ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)