ပဲခူး မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဦးစီးမှူး ဦးကျော်ကျော်ဟန်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက GENDER, CEDAW, NASPW, UNSCR 1325 ပါ GENDER (ကျား/မ) ရေးရာအကြောင်းများ သိရှိနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးမှုများ ဆောင်ရွက်ရာတွင် အမျိုးသမီးများကဏ္ဍ ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ရန်အကြောင်းအရာများ အသိပညာပေး ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာကြသော ခရိုင်အမျိုးသမီးကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့၊ ခရိုင်အုပ်ချုပ်မှူး ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင်၊ ပြန်/ဆက်