ဟားခါး မေ ၁၂
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သည့် မိဘပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယခုချိန်မှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေး စောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင်လျန်ဟုပ်လိန်းက ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး ပေါင်းစပ်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် အသက် ၁၈ နှစ်အထက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ၊ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေနှင့် ထပ်မံလိုအပ်သည့် ကိုဗစ်−၁၉ ကာကွယ်ဆေး တောင်းခံထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ မေလအတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် လျာထားမှုအပေါ် ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေနှင့် ဘာသာရေးဆိုင်ရာ လူမှုအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ကာကွယ်ဆေး ထိုးနှံမှုများအား VMIS စနစ်တွင် စာရင်းရေးသွင်းနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်တို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချို့မြို့နယ်များတွင် လုံခြုံရေးအခြေအနေကြောင့် ခက်ခဲစွာ ဆောင်ရွက်ရခြင်းနှင့် အချို့မြို့နယ်များတွင် ဝန်ထမ်းအင်အားနည်းပါးခြင်း စသည့် အခက်အခဲများရှိသော်လည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေကြသည့်အတွက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မှုနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)