ပေါင်းတည် မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အယူအဆ အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသောလူမှုဘဝများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က တက်ရောက်လာသူ များအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော “ စဉ်းစားတတ်အောင် ပညာသင်ပါ ” စာအုပ်မှ ပညာနဲ့အသိဉာဏ်၊ စဉ်းစားတတ်မှ ပညာတတ်ခေါ်နိုင်တယ်နှင့် လူငယ်နှင့် လေ့လာရေးခေါင်းစဉ်များကို ဖတ်ကြားဆွေးနွေးခဲ့ရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)