သာယာဝတီ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသင်း (Youth Club) နှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးရေးဆရာ အောင်သင်း ရေးသားထားသည့် “ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးခိုင် (လက်ထောက်ညွှန်ကြားရေးမှူး) က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော လူငယ်အသင်းနှင့် စာပေချစ်မြတ်နိုးသူများ အသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း (ပန်းတကာမောင်ထွန်း)၊ အတွင်းရေးမှူး မိုးသည်းအောင် (ပန်းမြေ)၊ အဖွဲ့ဝင် ဦးတင်အေးကျော် (သာဟာဝတီ)၊ အသင်းဝင် ဦးတင်လှိုင် (သာယာဝတီ) တို့က ရည်မှန်းချက်နှင့်ယုံကြည်မူ၊ ကွာခြားမှု၊ အရေးကြီးမှုမြင့်မားသော ဘဝရည်မှန်းချက်များအတွက် မျိုးရိုးဗီဇမြင့်တက်အောင်လုပ်ဆောင်နည်းများ၊ ဗီဇနှင့်ဝါသနာအပေါ်မူတည်၍ ရည်မှန်းချက်အောင်မြင်ဖို့အတွက် စိတ်နှင့်ရုပ်အရေးကြီးပုံ၊ လူငယ်တစ်ယောက်အနေဖြင့် ဘဝရည်မှန်းချက်အောင်မြင်ရေးအတွက် Plan ထားပြီးဆောင်ရွက်သင့်ပုံ အကြောင်းအရာများအား ၎င်းတို့၏ အတွေးအမြင် အသိများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
သန့်ဇော်(သာယာဝတီ)