ဟင်္သာတ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ အ.ထ.က(၅)ကျောင်းသို့ ရောက်ရှိခဲ့ပြီး အမျိုးသားခန်းမဆောင်၌ Grade-5 မြို့နယ်အဆင့် မွမ်းမံသင်တန်းသို့ တက်ရောက်လာကြသော ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောရာ၌ ကျောင်းများအချိန်မှီ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိ၊ ရပ်ဖများမှ ကျောင်းနှင့်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကိုတင်ပြရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ဝန်ကြီးချုပ်တို့မှ ပြန်လည်ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့်မှ Grade-5 မြို့နယ်အဆင့် မွမ်းမံသင်တန်း ဖွင့်လှစ်နေမူ အခြေအနေများ မြို့နယ်အတွင်းရှိ ကျောင်းများနှင့် ဆရာ/ဆရာမ ခန့်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ ကျောင်းသုံးဗလာစာအုပ်များနှင့် ထောက်ပံ့ငွေ (၅)သိန်းကျပ်အား ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့်မှ လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများ၊ သင်တန်းတက်ရောက်နေကြသော ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဇော်