ပွင့်ဖြူမြို့နယ်၌ တိုင်ထောင်ပဲ သီးနှံစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

ပွင့်ဖြူ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲ သီးနှံစိုက်ပျိုးရေးကို အားထား လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

တိုင်ထောင်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီးအချိန်တစ်လကြာပါက ဈေးကွက်ဝင် တိုင်ထောင်ပဲ သီးများကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရပြီး စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့် တစ်ပင် အနည်းဆုံး တစ်တောင်အကွာထား၍ စိုက်ပျိုးရကြောင်းနှင့် အသီးအပွင့်များ မတင်မီ အတန်းလိုက် တိုင်ထောင်ခြင်း လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရကြောင်း သိရသည်။

“ကျွန်တော်တို့ကျေးရွာက တောင်သူတွေဟာ တိုင်ထောင်ပဲသီးနှံနဲ့ အခြား ဟင်းသီးဟင်းရွက်မျိုးစုံကို အားထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒီနှစ်မှာတော့ တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းက ဈေးကောင်းရရှိလို့ စီးပွားရေးတွက် ခြေကိုက်ပါတယ်။ စိုက်ပျိုးရေလဲ အဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ လက်ရှိတွင် တိုင်ထောင်ပဲ သီးနှံများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရပြီး တစ်ပိဿာကို ငွေကျပ် ၂၀၀၀ နှုန်း ရောင်းချနေရပါတယ်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းဟာ  မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့ ဒေသခံတောင်သူ အများစုက အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံများထဲမှာ တိုင်ထောင်ပ သီးနှံက စနစ်တကျ ပြုစုစိုက်ပျိုးပါက အပင်ရေ ၇၀၀ ခန့် စိုက်ပျိုးထားရင်ကို ပိဿာချိန် ၁၀၀ ကျော်လောက် ထွက်ရှိတာဖြစ်ပါတယ်။ အပင်ရေများများစိုက်လေ သီးနှံဝင်ငွေ ပိုရလေပါပဲဗျာ” ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးလုပ်ကိုင်သူ ဦးထွန်းနိုင်က ပြောသည်။ 

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် နေ့စဉ် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်၊ စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် သီးထပ် သီးညှပ်များအဖြစ် စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းမှာ စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )