မုံရွာ မေ ၁၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မုံရွာ)၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ နည်းပညာတက္ကသိုလ်(မုံရွာ)၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်မျိုးလင်းနှင့် ဘာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မုံရွာ)၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်မျိုးလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော မောင်မယ်သစ်လွင်များကို မိမိတို့ နည်းပညာတက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မောင်မယ်သစ်လွင်များအနေဖြင့် လူကောင်းလူတော်များဖြစ်အောင် ကြိုးစားနေထိုင်ကြပြီး တက္ကသိုလ်မှပို့ချမည့် ဘာသာရပ်အသီးသီးကို အလေးထားကြိုးစားသင်ယူကြပြီး နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းပို့သ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နည်းပညာတက္ကသိုလ်(မုံရွာ)၏ ဘာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများက တက်ရောက်လာကြသော မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဌာနအကြောင်းကို အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နည်းပညာတက္ကသိုလ်(မုံရွာ)တွင် လက်ရှိတက်ရောက် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးက မောင်မယ်သစ်လွင်များအား နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားပြီးနောက် မောင်မယ်သစ်လွင်များ၏ကိုယ်စား မောင်မယ်သစ်လွင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် မောင်မယ်သစ်လွင်များ၏ မိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးမှ ဩဝါဒစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(မုံရွာ)၏ ဒုတိယပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကျောင်းနှင့်စပ်လျဥ်း၍ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား ဖြန့်ဝေးပေးခဲ့သည်။
ဆက်လက်ပြီး နည်းပညာတက္ကသိုလ်(မုံရွာ)၏ ဘာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများက မိမိတို့နည်းပညာတက္ကသိုလ်ကြီး၏ သမိုင်းကြောင်းနှင့် သင်ကြားမည့်ဘာသာရပ်များအလိုက် အသိပညာပေး ဗီနိုင်းပိုစတာများပြသရှင်းလင်းမှုများနှင့် ဌာနအသီးသီး၏ Labခန်းများအား တက်ရောက်လာကြသော မောင်မယ်သစ်လွင်များနှင့် ကျောင်းသားမိဘများက ကြည့်ရှုလေ့လာခဲ့ကြပြီး ကျောင်းသားကျောင်းသူများသည် အေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ နည်းပညာတက္ကသိုလ်(မုံရွာ)သည် ISO 9001:2015အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု၊ သုတနည်းပညာ၊ မက္ကာထရောနစ်၊ ချည်မျှင်နှင့်အထည်၊ အင်ဂျင်နီယာစသည့် ဘာသာရပ်(၇)မျိုးကို သင်ကြားပေးလျက်ရှိပြီး ဘာသာရပ်များအားလုံးသည် အင်ဂျင်နီယာ အထူးပြုပဏာမ အရည်အသွေးစိစစ်အသိမှတ်ပြု လက်မှတ်( The Provisionally Accredited Engineering Programmes) ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရရှိထားပါကြောင်းနှင့် ယနေ့မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူ(၄၂)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)