ငဖဲမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ငဖဲ မေ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး လူထုလှုပ်ရှားမှုအဖြစ် ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ချောင်းဖြူကျေးရွာအုပ်စု သရက်ပင်ကျေးရွာအရှေ့ဘက် ပါရမီတောင်ခြေတွင် ယနေ့နံနက် ၈နာရီ အချိန်က ကျင်းပပြုလုပ်ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ တက်ရောက်၍ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ရှေးဦးစွာ ငဖဲမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးမိုးအာကာကျော်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်မိုးရွာသွန်းမှုအပေါ် မူတည်ပြီး ဇွန်လနှင့် ဇူလိုင်လအတွင်းမှာ စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလမှာ မုန်တိုင်းမိုးကြောင့် မိုးရွာသွန်းခဲ့ရာ မြေအစိုဓါတ် ရှိသောကြောင့် မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ ဒေသတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်ရေး၊ ပြည်သူများ သစ်တောသစ်ပင်များကို ပိုမိုချစ်ခင် တန်ဖိုးထားတတ်လာစေရေး ရည်ရွယ်ပြီး လမ်းဘေးဝဲယာများ၊ ကျောင်းပတ်ဝန်းကျင် များမှာ စိုက်ပျိုးပေးလျက်ရှိကြောင်း ပြောကြားပြီး အရိပ်ရသစ်ပင်များအဖြစ် စိန်ပန်း(၁၀၀)၊ မဲဇလီ (၁၀၀) နှင့် ရေတမာအပင်(၁၀၀) စုစုပေါင်း ပျိုးပင် (၃၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးမိုးအာကာကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သရက်ပင်ကျေးရွာ အရှေ့ဘက် ပါရမီတောင်ခြေတွင် တစ်ပြိုင်နက် စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)