ပေါက်ခေါင်း မေ ၁၂
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာများက စမ်းစုကျေးရွာနှင့် ထောင်ရများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့် ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိများမှစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းက တောင်သူများအနေဖြင့် စပါးသီးနှံအပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း အပါအဝင်နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးပါရန်နှင့် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာကို အစားထိုးသုံးစွဲကြပါရန်၊ အခြားဌာနများမှလည်း လယ်ယာမြေရေရရှိရေးနှင့် စိုက်ပျိုးရေပေးဝေမှုအခြေအနေများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် နေဗီယာမြက်စိုက်ပျိုးရေး၊ လယ်ယာမြေအသုံးချမှုနှင့် လယ်ယာမြေဥပဒေများအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် အသိပညာ ပေးပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှသိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာတောင်သူများကို ဓာတ်မြေဩဇာအစားသဘာဝမြေဩဇာကို အစားထိုးသုံးစွဲကြရန်နှင့် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းကို လက်တွေ့သရုပ်ပြ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ဆည် မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် လဝကဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နည်းပညာပေးသင်တန်း ဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ (၁၀) ရွာသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)