ကလိန်အောင်မြို့၌ ယိုးဒယားကြက်မောက်သီးများ  စျေးကောင်းရရန် မျှော်လင့်

ကလိန်အောင် မေ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း မိုးရာသီယိုးဒယား ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ရာစီးပွားဖြစ် စိုက်ပျိုးသူခြံရှင်များ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ကြက်မောက်သီး အမျိုးအစားတွင် ယိုးဒယားကိုင်းဆက်မျိုးနှင့် မြန်မာမျိုးဟူ၍ အသီးနှစ်မျိုးရှိရာ ယခုနှစ်တွင် ယိုးဒယားကိုင်းဆက်သီးကို စီးပွားဖြစ်စိုက်ပျိုးလာကြသူများလာကြောင်း သိရသည်။

ယိုးဒယားကြက်မောက်သီးမျိုးမှာ အလုံးကြီးပြီးအခွံကျွပ်ကာ စားရတဲ့အရသာမှာလည်း အလွန်ချိုသဖြင့် စားသုံးသူများက ယိုးဒယားမျိုးကို ပို၍ဝယ်ယူစားသုံးလာကြသဖြင့် ယိုးဒယားကိုင်းဆက်မျိုးကို စီးပွားာဖြစ် ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

ယခုချိန်တွင် ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ယိုးဒယားကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး စျေးကွက်ဝင် သီးနှံဖြစ်သော ကြက်မောက်သီးများကို မြို့အနီးအနားက ရပ်ကွက်ကျေးရွာများ ကံပေါက်၊ ထားဝယ် စသည့်မြို့များသို့ ပို့ဆောင်ပေးရန် တောင်သူများ ကြိုတင်ပြင်ဆင်လျက်ရှိနေပြီး ပေါ်ဦးပေါ်ဖျားအသီးဖြစ်၍ ယခင်နှစ်များကထက် စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း၊ ယခင်နှစ်ကတော့ ကြက်မောက်သီးတစ်ရာကို ခြောက်ထောင်ကျပ်မှ ရှစ်ထောင်ကျပ်ထိရရှိကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)