ဟားခါး မေ ၁၂
ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဟားခါးတက္ကသိုလ်ဝင်းအတွင်းရှိ လမ်းဘေးဝဲယာရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ စုစုပေါင်း အင်အား ၁၅၀ ဦးခန့်ဖြင့် တက္ကသိုလ်အဝင်မုခ်ဦးမှ စ၍ တက္ကသိုလ်ဝင်းအတွင်း လမ်းဘေးဝဲယာရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် စာသင်ဆောင် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ကောက်ညှင်းပေါင်းနှင့် အကြော်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟားခါးတက္ကသိုလ် ခရစ်ယာန်ဓမ္မာရုံ (Chaples) ဆောက်လုပ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ တည်ဆောက်မှုလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာ ဦးစောလေးမိုးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)