မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာများဆွေးနွေး

အထက်မင်းလှ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာများ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းက လုံခြုံရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးမှူးဦးဇော်ဝင်းက ကျောင်းမဖွင့်မီ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က လိုအပ်သည်များအား ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)