ကျုံပျော် မေ ၁၂
ငါးမျိုးပြုန်းတီးမှုမရှိစေရန် ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ် စားသုံးနိုင်ရန်အတွက် အများပြည်သူများသို့ အသိပေးကြော်ငြာစာရွက်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ ယမန်နေ့က လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းကြော်ငြာစာတွင် မိုးဖြိုင်ဖြိုင်ရွာသော မေ၊ ဇွန်၊ ဇူလိုင်လများတွင် မြစ်ချောင်းများအတွင်း ငါးများ ငါးရစ်တက်ကြကြောင်း၊ ထိုငါးရစ် ငါးသန်များကို ဖမ်းဆီးစားသောက်ပါက ပေါက်ဖွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များ သေကြေပျက်စီးကာ ငါးမျိုးများ ပြုန်းတီးစေကြောင်း၊ သို့ပါ၍ ငါးရစ်တက်ချိန် ငါးသားပေါက်ချိန်တွင် လွတ်လပ်စွာ ဥချနိုင်ရေးနှင့် ငါးသားပေါက်များ ဆက်လက်ရှင်သန် ကြီးထွားနိုင်ရေးအတွက် ငါးရစ် ငါးသန်နှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်းမပြုပဲ ဘေးမဲ့ပြုကြပါရန် ကြေငြာကြောင်း ပါရှိသည်။
အဆိုပါ ကြော်ငြာစာရွက်များကို ကျုံပျော် မြို့မဈေး၊ သောင်ကြီးဈေး၊ အထောင်ဈေးနှင့် အခြားစည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတာဝန်ခံများနှင့် သားငါး ရောင်းချသူများထံသို့ လည်းကောင်း မြို့နယ်အတွင်းရှိ ရေလုပ်သားများထံသို့ လည်းကောင်း အသီးသီး ဖြန့်ဝေပေးခဲ့ကြပြီး၊ အဆိုပါ ငါးရစ် ငါးသန်နှင့် ပေါက်ပွားချိန်အတွင်း ငါးဖမ်းဆီးသည်ကို စစ်ဆေးတွေ့ရှိပါက ပြစ်မှုထင်ရှားလျှင် ထောင်ဒါဏ်(၂)နှစ်အထိ ဖြစ်စေ၊ ငွေဒါဏ် (၂)သိန်း အထိဖြစ်စေ၊ ဒါဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးခံရနိုင်ကြောင်း သိရှိရသည်။
လပြည့်ဦး(ပြန်/ဆက်)