ဇီးကုန်းမြို့နယ် ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဇီးကုန်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသားလူငယ်များက မိမိတို့၏စာဖတ်စွမ်းရည်များကို ပြသ၍ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြပြီး မိမိတို့ ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို စာကြည့်တိုက်မှူး ဒေါ်ရီရီမြင့်မှ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ