ကြို့ပင်ကောက် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသော "ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ် ရခြင်းမှာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကိုချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
စာရေးဆရာအောင်သင်းရေးသားသော “ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ” စာအုပ်ကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးမြင့်ဦးက ကျောင်းသား လူငယ်များအတွက် ပညာရေးသည်အရေးကြီးပုံ ဦးအေးနိုင်(ကျန်းမာရေး)မှ အနာဂတ်နိုင်ငံတော်နှင့် လူငယ်များအခန်းကဏ္ဍတို့ကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကြို့ပင်ကောက်မြို့နယ် စာပေချစ်သူများအဖွဲ့(Book Club)နှင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းများကို လစဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)