ဘားအံ မေ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ( Community Center )ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ် Grammar သင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် အနေဖြင့် နွေရာသီကျောင်းပိတ် ရက်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက် စေရန်၊ ကွန်ပျူတာနည်းပညာများနှင့် အင်္ဂလိပ်စာအခြေခံများကို လေ့လာသင်ယူနိုင်စေရန် အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်တန်းများဖွင့်လှစ်ပို့ချရာ၌ ကွန်ပျူတာအခြေခံသင်တန်းတွင် ကွန်ပျူတာ တက္ကသိုလ် (ဘားအံ)မှ နည်းပြဆရာမ ဒေါ်ခင်စိုးမိုးကျော်က Microsoft Office Word 2016, Microsoft Office Excel 2016, Microsoft Office Power Point 2016, Using Internet & Email တို့ကို သင်ကြားပို့ချပေးလျက်ရှိပြီး အင်္ဂလိပ် Grammar သင်တန်းတွင် အငြိမ်းစားဆရာကြီး ဦးစောအောင်ဘက အခြေခံအင်္ဂလိပ် Grammarအပြင် အင်္ဂလိပ်စာရေးနည်းကိုပါ သင်ကြားပို့ချ ပေးလျက်ရှိပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား/သူ (၂၀)ဦး သင်ကြားလျက်ရှိကြောင်း သိရှိရ သည်။
ခရိုင်(ပြန်/ဆက်)