တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ်  မေ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက မြန်မာ့နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည်အမျိုး သမီးများဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်သည် နိုင်ငံတော်တည်ဆောက်ရေးယန္တရား၏ အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်လာစေကြောင်း၊ အမျိုးသမီးများ ၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ကြိုးပမ်းဆောင်ရွက်နေသော ချိန်တွင် အမျိုးသမီးကော်မတီများကလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အမျိုးသမီးကော်မတီဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း၂၀၁၃-၂၀၂၂ ချမှတ်ပြီးလုပ်ငန်း စဉ်(၁၂)ရပ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ၊ အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများကြောင့် နောက်ဆက်တွဲဖြစ်လာစေသည့် လူမှုရေးပြဿနာများ၊ ကျန်းမာရေးပြဿနာများကိုဖြေရှင်းပေးနိုင်ရန် အမျိုးသမီးများစောင့်ရှောက်ရေး ဂေဟာတည်ဆောက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အနဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသော အမျိုးသမီးကော်မတီများအနေဖြင့် တိုင်းဒေသကြီးအတွင်း ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ၊ အသိပညာပေးလုပ်ငန်းများကို ရင်းရင်းနှီးနှီးဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ယနေ့အချိန်အခါ တွင်အမျိုးသမီးများ၏ အခန်းကဏ္ဍမြင့်မားလာသည်ကို တွေ့ရကြောင်း၊ မိခင်စိတ်ကိုအခြေခံပြီးဖြစ်ပေါ် လာသော အမျိုးသမီးများ၏ရဲရင့်မှု၊ ဦးဆောင်မှုစွမ်းရည်၊ ထူးချွန်ထက်မြက်မှု၊ နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်အောင်စွမ်းဆောင်မှုများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း၌တွေ့မြင်ရမှာဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးတွင် အမျိုးသားနှင့်တန်းတူအမျိုးသမီးများ၏ပါဝင်မှု တိုးမြှင့်လာသည်ကိုတွေ့ရှိရကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများအပြင် အမျိုးသမီးအရေးကို တက်တက် ကြွကြွ ဆောင်ရွက်လျက်ရှိသော အမျိုးသမီးအဖွဲ့အစည်းကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်လုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ ကို အတည်ပြုချမှတ်ခဲ့ပြီး လုပ်ငန်းနယ်ပယ် (၁၂) ရပ် သတ်မှတ်ကာ လုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းအစီအစဉ်များကို နှစ်အလိုက်ရေးဆွဲဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မတီဝင်များက အမျိုးသမီး အကြမ်းဖက်မှုဆိုင်ရာ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များအကြောင်း၊ အမျိုးသမီးဆိုင်ရာရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းစဉ်များနှင့် အမျိုးသမီးများနှင့် မီဒီယာကဏ္ဍ ဆောင်ရွက်နေမှုအခြေအနေများအကြောင်း စသည့်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)