ဝိုင်းမော် စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ဗလမင်းထင် တိုးဂိတ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဗလမင်းထင်တိုးဂိတ်သည် မန္တလေး-ဗန်မော်၊ ဆဒုံး၊ ကန်ပိုက်တီ၊ ချီဖွေ၊ ပန်ဝါအဓိက ကုန်သွယ်ရေး လမ်းမကြီးပေါ်တွင်တည်ရှိပြီး ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများနေ့စဉ် ဖြတ်သန်းသွား လာသည့် ဂိတ်တစ်ခုလည်းဖြစ်သည့်အတွက် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ခရီးသွားပြည်သူများအား (၂၈.၈.၂၀၂၀) ရက်နေ့မှစ၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမှ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆိုပါ တိုးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူ များအား ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးပြောကြားပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)