ချောက် မေ ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့် Grade - 5(ပဥ္စမတန်း)သင်ရိုးသစ် မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က အထက(၁) မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင်ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ချုပ်ရေးမှူးဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူက ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ်(Grade –5) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက် အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဆင့်ဝင်းက သင်ရိုးသစ် သင်တန်းများ ဆက်လက်ပို့ချဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ မူလတန်းအဆင့် သင်တန်းနည်းပြ(၄၂)ဦးမှ အခန်း(၂၀) ခန်းခွဲ၍ တစ်ခန်းလျင်သင်တန်းသား/သင်တန်းသူ(၃၀)ဦးနှုန်းဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သင်တန်းသူ အခြေခံပညာမူလတန်းပြဆရာ၊ ဆရာမ(၆၃၂)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း၊ သင်တန်းအား မေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ Grade - 5 (ပဥ္စမတန်း) သင်ရိုးသစ် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ စာရိတ္တပြည်သူ့နီတိ၊ ကာယဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သင်တန်းဖွင့်ပွဲသို့ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ချုပ်ရေးမှူး ဦးစိုးလွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးတင်ထွန်းဦး၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သင်တန်းသူဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)