ကန်ကြီးထောင့် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းအား ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဆရာမ ဒေါ်တင်ဇာလင်းက အခြေခံအင်္ဂလိပ်စာသင်တန်းအား တက်ရောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် အခြေခံအင်္ဂလိပ်သဒ္ဒါရေးသားနည်းနှင့် ဝေါဟာရ၊ စကားစုများ စသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ ယနေ့မှစ၍ မေလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပြီး သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ သင်တန်းသား ၃၁ ဦးတက်ရောက်လျက်ရှိသည်။
လှမင်းထွဋ်