ကလိန်အောင်မြို့၌ အိမ်တွင်းမှုလုပ်ငန်း ပုဇဉ်းခေါင်းထိုးနည်း သင်တန်းဖွင့်လှစ်

ကလိန်အောင် မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မြို့အတွင်းရှိကျောင်းသား၊ ကျောင်းသူများနှင့် (Youth Club) အသင်းမှ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ‌ရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေး ဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်း ပညာရပ်တစ်ခုဖြစ်သည့် ပုဇဉ်းခေါင်းထိုးနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ခင်ခင်လဲ့က အဖွင့်အမှာစကားပြောကြားရာတွင် " ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနအနေအဖြင့် ကျောင်းသား၊ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလကို အ‌ပျော်‌တွေဖြင့် ကုန်ဆုံးမသွားစေရန်၊ လူငယ်ဘဝတန်ဖိုးရှိသည့်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်‌စေနိုင်ရေးနှင့် လူငယ်ဘဝဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်ပြီး တိုင်း/ခရိုင်၊ မြို့နယ်အလိုက် ယခုလိုမျိုး အသက်မွေးဝမ်းကျောင်း ပညာရပ်အသီးသီးများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အရင်လတုန်းက အခုလိုပဲ အခမဲ့ဖြင့်မိမိတိုဌာနမှ ပိုက်ဆံအိတ်ထိုးနည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ရာ ယခုတစ်ကြိမ်နဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့ကြောင့်သင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/သူများကိုလည်း မိမိတို့ဌာနမှ သင်ထောက်ကူပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းပြီးစီးပါက လူငယ်များအတွက် အကျိုးရှိစေ မည့် နောက်ထပ်အသက်မွေးဝမ်း‌ကျောင်းလုပ်ငန်းပညာရပ်များကို ဆက်လက်ဖွင့်လှစ်ပေးသွား မည်ဖြစ်‌ကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း မပျက်မကွက် တက်ရောက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်နန်း‌ရောင်ရွှေက ပုဇဉ်းခေါင်းထိုးနည်းသင်တန်းတွင် သင်ကြားပေးမည့် ပညာရပ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်ကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ကလိန်အောင်မြို့အတွင်းရှိ သင်တန်းသား/သူများ လူငယ် (၁၅)ဦးအား တက်ရောက်ကာ သင်တန်းနည်းပြဆရာမတစ်ဦးက ပုဇဉ်းခေါင်းထိုးနည်း အဆင့်ဆင့်ပြုလုပ်ပုံစံအမျိုးမျိုးကို မေလ ၁၀ ရက်မှ ၁၂ရက်နေ့အထိ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)