ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာမူလတန်းအဆင့် (Grade-5)သင်ရိုးသစ်ဆင့်ပွားသင်တန်း( Face to Face )ဖွင့်လှစ်

ဘားအံ   မေ    ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် (Grade-5)သင်ရိုးသစ် ဆင့်ပွားသင်တန်း(Face to Face)ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒချုပ် ဦးရဲလွင်က မြန်မာ့ပညာရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်‌‌‌စေ‌ရေး လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ အခြေခံပညာအဆင့်တိုင်းအတွက် သင်ပြမှုကျွမ်းကျင်သော၊ ဘာသာရပ် ကျွမ်းကျင် သော ဆရာ/မများကို လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ အခြေခံပညာရေး စနစ်သစ်ဖွဲ့စည်းပုံ (KG+ 5,4,3) အရ အခြေခံပညာကျောင်းများမှ အဆင့်အလိုက်သင်ရိုး ညွှန်းတမ်း အသစ်များပြောင်းလဲ သင်ကြားပေးလျက်ရှိကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် သင်တန်း၏ ပို့ချချက်များအပြင် တပည့်များနားလည်နိုင်သည့် တီထွင်သင်ကြားမှုများဖြင့် ပြန်လည်သင်ကြားစေလိုကြောင်း၊ ကျောင်းသား/သူများကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သော သင်ယူမှုဝန်းကျင် ဖြစ်အောင်၊ လက်တွေ့ ဘဝနှင့်ဆက်စပ်အသုံးချနိုင်သောသင်ခန်းစာများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးစေလိုကြောင်း အမှာစကားပြောကြားပြီး သင်တန်းသား/သူ ဆရာ/ဆရာမများအား သင်ကြား ပို့ချနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျောင်းသား/သူများအား အသက်အရွယ်နှင့်သင့်လျော်သော ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ ဗလငါးတန် ဘက်စုံဟန်ချက်ညီ ဖွံ့ဖြိုးမှုရှိအောင် သင်ကြားတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5)၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို မေလ (၁၀) ရက်နေ့မှ (၁၃)ရက်နေ့အထိ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာအမှတ်(၁၊၂)တို့တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဂ္ဂလိကကျောင်း၊ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်သင် ဆရာ/မ (၁၆၆၂)ဦးအား အခြေခံပညာအမှတ်(၁၊၂)များတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)