သံတောင်ကြီး မေ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သံတောင်ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင် သဘာဝပျားရည်စစ်စစ် ရောင်းချသည့်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
သံတောင်ဒေသထွက် သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်းကြောင့် ယခုနှစ်ပျားရည်ပေါ်စတွင်ပင် ဈေးကောင်းရ၍ ဒေသနေပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှ အမြင့်ပေ (၉၀)မှ(၁၀၀)ပေခန့်ရှိ သစ်ပင်ကြီးများပေါ်တွင် စွဲနေသည့် ပျားအုံများတွင် တွေ့ရှိရပြီး ဒေသနေပြည်သူများက မတ်လမှ ဧပြီလအတွင်း တစ်ပိုင်တစ်နိုင် ပျားဖွတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ယခုနှစ်တွင် ပျားရည်များသည် ယခင်နှစ်ထက်ဈေးကောင်းရရှိပြီး မိမိတို့အိမ်တွင် သုံးစွဲရန်အတွက် အနည်းငယ်သာချန်ထား၍ အပိုဝင်ငွေရရှိရန်အတွက် ရောင်းချရာ တစ်ပုလင်းလျှင် ကျပ်(၅၀၀၀)မှ (၆၀၀၀)အထိရရှိ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း ဒေသနေ ပြည်သူတစ်ဦးထံမှ သိရသည်။
နီလာအေး(သံတောင်ကြီး)