မင်းလှမြို့ ဝေဠုဝန်‌ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူ‌ဇော်ပွဲ ကျင်းပ

မင်းလှ မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊  နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တကုဏ္ဍလမဟာထေရ်မြတ် သက်တော် (၉၈) နှစ်၊  ဝါတော် (၇၈) ဝါရှိ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူ‌ဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။

ရှေဦးစွာ ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော်ကို အပူဇော်ခံထားရှိသော ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ကြီး၏ ယာယီစံကျောင်းပေါ်၌  ပင့်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်သွန်းချ အမျှတန်းပေးဝေခြင်းများပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော်အား ကတ္တီပါကြာသင်္ကန်းဖြင့် ဖုံးလွမ်းပူဇော်ခဲ့ပြီး တပည့်သံဃာတော်များက ထေရုပ္ပတ္တိကထာ၊ သံဝေဂကထာ စသည့်ဂါထာများဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ဝန်ချတောင်းပန်ကန်တော့ခြင်းတို့ပြုလုပ်ခဲ့သည်။

ထို့နောက် ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော်မြတ်ကို ကရဝိတ်ဖောင်တော်သို့ပင့်ဆောင်၍ ဒေဝါဝင်း၊ ရာဇာဝင်အဖွဲ့များဖြင့် အ.ထ.က (မြို့တွင်း) အားကစားကွင်း၌ ပြင်ဆင်ထားသော ဈာပနကွင်းသို့ပင့်ဆောင်၍ အန္တိမအဂ္ဂိဈာပန မီးသင်္ဂြိုဟ်ပူဇော်ခြင်းနှင့် ဒုံး၊ မီးရှူးမီးပန်းများ ပစ်‌ဖောက်ပူဇော်ခဲ့ကြောင်း၊ အရိုးပြာကောက်ယူ၍ တစ်လခန့်ထားရှိကာ  ပြည်မြို့၌ ရေမျှောခြင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)