ရန်ကုန် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသော မဟာအမိတလောကရံသီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှစ် (၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါဘုရားကြီး၌ ကျင်းပသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ကာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာမဒေါ်ရွှန်းလဲ့အောင်က စောင်း-ကိုပြည်ချစ်နှင့် တွဲဖက်၍ “ ထူးမခြားနား ” ဗုဒ္ဓရောင်ခြည်တော်ဖွင့်သီချင်းခံဖြင့် သီဆိုပူဇော်သည်။
ထို့နောက် လက်ပံတန်းမြို့၊ ဘုရားငါးဆူ၊ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဓမ္မာနုဓမ္မမဟာဒွါရနိကာယမ ဟာနာယက(သာသနာပိုင်)၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဝရသာမိ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ် (၅၄) ပါးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ နန်းမြင့်နွယ်(ညောင်လေးပင်) ရေးသားပူဇော်အပ်သော “ ဗုဒ္ဓပူဇာ နှစ်တစ်ရာ ” တေးထပ်လွှာကို ဒေါ်ရွှန်းလဲ့အောင်က သီဆိုပူဇော်ပြီးနောက် သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။
ထို့နောက် နန်းမြင့်နွယ်(ညောင်လေးပင်) ရေးသားပူဇော်သော “ ဖန်ဝါနေတနှုံးတင့်ခဲ့ပြီ ” မဟာမင်္ဂလာရတုပိုဒ်စုံကို ဆရာမ ဒေါ်ရွှန်းလဲ့အောင်က စောင်း-ကိုပြည်ချစ်နှင့်တွဲဖက်၍ သီဆိုပူဇော်သည်။
ယင်းနောက်လှူဒါန်းမှု အစုစုတို့အတွက် နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဝရသာမထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး “ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အခမ်းအနားပြီးဆုံးပြီးနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တက္ကသိုလ်ရွှန်းလဲ့အောင် တေးဂီတအဖွဲ့က ဧည့်ခံဖျော်ဖြေပြီး ဧည့်ပရိတ်သတ်များကို သုံးဆယ်မုန့်ဟင်းခါး၊ အချိုရည်၊ ထမင်းဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေးသည်။
အဆိုပါ မဟာအမိတလောကရံသီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပလ္လင်တော် (၁၀) ပေ ဉာဏ်တော် (၂၈) တောင်ဖြင့် ၁၂၈၄ ခုနှစ်က တည်ထားကိုးကွယ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးဇောတိပါလမှစတင်၍ ယခုပဉ္စမမြောက်ဆရာတော် ဦးဣဒ္ဓိမန္တအထိ ကျောင်းထိုင်ဆရာတော် (၅) ဆက်တိုင် ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)