ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အ.ထ.က(ခွဲ) အ.လ.က(၁)မှ အ.ထ.က(၁၁) မြို့မကျောင်းသို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် မေ ၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အမှတ် ၄ ရပ်ကွက်အတွင်းရှိ အမှတ် ၁ အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)မှ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါကျောင်းရှေ့၌ ယနေ့နံနက်ပိုင်းအချိန်တွင်ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမှတ် ၁၁ မြို့မအခြခံပညာကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကို ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတင်လှိုင်၊ ဒုတိယညွှန်ကြားရေးမှူးတို့က အသီးသီးဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားသည်။ ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားရာတွင် ကျောင်းကြီးပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားကာ ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံအား အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်ချစ်သန်း (တာဝန်ခံကျောင်းအုပ်ဆရာမကြီး)မှ နေရာအရောက် ပေးအပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးပညာရေးမှူးမှ လက်ခံရယူသည်။

အမှတ် ၁၁ အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ရွှေမိုးတွေရွာတေး သီချင်းဖြင့်လည်းကောင်း၊ ဇာတိမာန်တေးသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်/ဆက်)