တမူး စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိကျေးရွာများသို့ သွားရောက်ကာ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဖြိုးကျော်နှင့် ဝန်ထမ်းများ၊ တမူးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ကွန်းတောင်း၊ ဆရာစံ၊ ဝက်ရှု၊ မင်းသာ၊ တုံးကျော်၊ ဗန္ဓုလကျေးရွာများနှင့် မြို့သစ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လှည့်လည်၍ ပြည်သူများအနေဖြင့် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် မိမိတို့အိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏လက်များအား စနစ်တကျ မကြာခဏ ဆေးကြောကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ ရခိုင်ပြည်နယ်နှင့် အခြားပြည်ပ နိုင်ငံများမှပြန်ရောက်လာသော ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် မိမိတို့၏ခရီးသွား ရာဇဝင်ကို မခြွင်းမချန် ပြောပြကြရန်၊ အသွားအလာ ကန့်သတ်ခြင်းကို ခံရမည်ဆိုပါက ကြည်ဖြူစွာ လိုက်နာ ကြရန် တို့ကို မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)