တောင်ငူ မေ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ပြည်သူများ စာပေနှင့် အဆက်မပြတ်ထိတွေ့မှု ရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက် ကာ ယနေ့နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
ထိုသို့ငှားရမ်းရာတွင် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံး၊ ပြည်တော်သာတိုက်ဝန်ထမ်းအိမ်ရာ တို့တွင် စာအုပ်ငှားရမ်းသူ ၂၅ ဦး စာအုပ်ပေါင်း ၅၀ အုပ်ကို ငှားရမ်းဖတ်ရှုချိန် နှစ်ပတ်ကြာအထိ ဖတ်ရှုနိုင်ရန် ငှားရမ်းပေးပြီး အသင်းဝင်ကတ်ပြားများ ရရှိရေး အတွက် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျန်ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ နေ့စဉ်နံနက် ၉ နာရီမှ စတင်၍ အလှည့်ကျစနစ်ဖြင့် စာအုပ်များ ငှားရမ်း ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်