လှိုင်းဘွဲ မေ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာရေး နှစ်၊ ကွမ်းဘီ-မဲဆမိတ် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါလမ်းမပေါ်တွင် ကျင်းပခဲ့ရာ ကရင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဲဆမိတ်ကျောင်းဆရာတော် အရှင်စန္ဒရ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ) ဗိုလ်မှူးကြီး စံထူးကျော်နှင့် အမှတ် (၂)တပ်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ဗိုလ်မှူးကြီး စောကြာအင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တာဝန်ရှိသူများက စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ကလေးငယ်တို့၏ ပညာရေးအတွက် ကောင်းမွန်လာခြင်း၊ ဒေသနေပြည်သူ များ အနေဖြင့်လည်း ဒေသထွက်ကုန်များကို လျင်မြန်စွာ စီးဆင်းနိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက ကွမ်ဘီ-မဲဆမိတ်လမ်း ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ကျေးလက်နေပြည်သူ တစ်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွမ်ဘီ-မဲဆမိတ် ကွန်ကရစ်လမ်း(3.620km×3.66m×325mm)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု(၆)လ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံ ငွေကျပ် (၆၀၂.၁၆၇)သန်းဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီလီမိတ်ကမှ တာဝန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)