နတ်တလင်း မေ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စာရေးဆရာ အောင်သင်း၏ "ကျောင်းသားလူငယ်တွေနှင့် အခြား ဆောင်းပါးများ"စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Youth Club အဖွဲ့ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က စာပေဖတ်ရှုခြင်း ဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာအုပ်စာပေမှ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ပြည်သူများစာဖတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများကို အသီးသီးဖတ်ကြ၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် ပြည်သူများ ဗဟုသုတတိုးပွားရရှိပြီး စာပေတန်ဖိုးကို သိရှိနားလည်စေမှာဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများသည် အသိပညာဗဟုသုတများ ရရှိပြီးဆောင်ရန်၊ ရှောင်ရန်များကို နားလည်သဘောပေါက်မှာ ဖြစ်ကြောင်း စာပေချစ်မြတ်နိုးသူတစ်ဦးထံမှသိရပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ် ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များအား အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး