ခန္တီး စက်တင်ဘာ ၃
၂၀၂၀ ပြည်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ မကျန်ရှိစေရေး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာက သစ္စာစီမံချက်ဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုရှိသည့်အနက် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၀ ကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အသက်ဆယ်နှစ်ပြည့် ၁၁၁၄ ဦးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့် ၈၀၅ ဦး စုစုပေါင်း ၁၉၁၉ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးထွန်းထွန်းဦးထံမှ သိရသည်။
ခန္တီးမြို့နယ်တွင် လူဦးရေ ၃၆၇၂၈ ဦးရှိပြီး ပထမအကြိမ် မဲစာရင်း ထုတ်ပြန်ကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၁၄၆၃၇ ဦးနှင့် မ ၁၃၈၄၇ ဦး စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၈၄၈၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စနေမောင်မောင်(ခန္တီး)