ဘားအံ မေ ၉
ကရင်တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ပြီး ရေရှည်တည်တံ့ပြန့်ပွားစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့နယ်၊ ဒုံရင်း တိုက်နယ်၊ အောက်ရေ တံခွန်တိုက်ကျောင်း၌ နွေရာသီ ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သဘာပတိ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းမှူး ဗိုလ်မှူး စောစိုးစိုးနှင့် သဘာပတိအဖွဲ့ဝင်များက နေရာယူကြပြီး သဘာပတိ ဗိုလ်မှူးစောစိုးစိုးက အဖွင့်အမှာစကားပြောကြားကာ ကရင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရှေးဘိုးဘွားများ သားစဉ်မြေးဆက်လက်ဆင့်ကမ်း အမွေချန်ထားပေးခဲ့သည့် စာပေ၊ ဘာသာ စကား၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ရေရှည် တည်တံအောင်နှင့် ပြန့်ပွား ထွန်းကားလာအောင် တာဝန်ရှိပုဂ္ဂိုလ်များက ယခုလိုသင်တန်းများဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း၊ ကရင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ရန်ပုံငွေ အထောက်အပံ့များကို နှစ်စဉ် ဘတ်ဂျက် လျာထားပြီး ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်း သားလူမျိုးပေါင်းစုံဖြင့် စုစည်းတည် ထောင်ထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓါတ်မွေးမြူရန်လိုအပ်ကာ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာဖြင့် အတူ ယှဉ်တွနေထိုင်နိုင်မှသာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့လိုပြီး မိမိတို့လူမျိုး အတွက် ကောင်းမွန်သည့်အနာဂတ် အမွေကောင်းများထားခဲ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဖြစ်မြောက် ရေးကော်မတီအတွင်းရေးမှူးက သင်တန်း ဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၂၀၀၀၀၀၀၀ (သိန်းနှစ်ရာ)ကို ထောက်ပံ့ပေး အပ်ရာ သဘာပတိဗိုလ်မှူးစောစိုးစိုးက လက်ခံရယူသည်။
ယနေ့ဖွင့်လှစ်သည့် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာမှ သင်တန်းသား၊ သင်တန်းသူဦးရေ ၁၀၀၀ ကျော် တက်ရောက်ကြပြီး မေလ ၈ ရက်နေ့မှ ၂၅ ရက်နေ့ထိ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးသွား မည်ဖြစ်ကာ စည်းလုံးခြင်းသည်အင်အား ဟုအဓိပ္ပာယ်ရသော ကရင်တေးသီချင်းကို စုပေါင်းသီဆို ကာ ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဒုံရင်းတိုက်နယ်၊ အောက်ရေတံခွန်တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တတေ ဇနိအား သွားရောက်ဖူးမြော်ကြည် ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)