မိုးညို မေ ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယမန်နေ့နေ့လည် ၁၂ နာရီခွဲအချိန်တွင် ရောက်ရှိလာရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက မြို့နယ်အတွင်းဆောင်ရွက်ထားရှိသည့် ဆောင်းနေကြာထပ်တိုးစိုက်ပျိုးရန်အတွက် ဆောင်ရွက်မှုအခြေအနေများ၊ ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများ၊ ၂၀၂၁-၂၀၂၂ခုနှစ်၊ နွေစပါးစိုက်ပျိုးရိတ်သိမ်းမှုများ၊ တစ်လလျှင်ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်းဆွေးနွေးဟောပြောဆောင်ရွက်မှုများ၊ မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှုအခြေအနေများ၊ မြို့ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုများနှင့် ဟင်္သာချောင်အုပ်စုရှိ ထွန်းညီနောင်တံတား၏ လက်ရှိအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများအား လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ သူရလမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ဆောက်လုပ်ပြီးစီးသော မိုးလုံလေလုံအားကစားရုံအားလည်းကောင်း၊ ရေကင်းကျေးရွာအုပ်စု၊ မြောက်ရွာကျေးရွာမှ မြစ်သာအုပ်စု၊ မြစ်သာတံတားအထိ ကွန်ကရစ်လမ်းခင်း ကျင်းပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ဆင်ခေါင်းအုပ်စု၊ ရေအိုးစင်ကုန်းကျေးရွာရှိ တိုက်နယ်ဆေးရုံတို့အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)