ကော့သောင်းမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကော့သောင်း မေ  ၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊    အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီ သင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား နယ်စပ်ဒေသရှိငယ်ရွယ်သူ အမျိုးသမီးလေးများ အသက်မွေးဝမ်းကျောင်းပညာအဖြစ်  ကိုယ်ပိုင်စီးပွားရေးအဆင့်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အကျင့် စာရိတ္တကောင်းမွန်စွာဖြင့်ရေရှည် ဘဝရပ်တည်မှု ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့နိုင်ရေး ရည်ရွယ်ကာ နိုင်ငံတော်မှ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ရာ စက်ချုပ်၊ ဇာထိုး ပန်းထိုး၊လက်မှုအတတ်ပညာများ၊ မုန့်မျိုးစုံနှင့် အချက်အပြုတ်ပညာရပ်များကို သင်တန်းပို့ချ သင်ကြားမှုကာလရက်သတ္တ(၁၈)ပတ်နှင့် မွမ်းမံသင်ကြားမှုကာလရက်သတ္တ(၂)ပတ်၊ စုစုပေါင်း သင်တန်းကာလ(၂၂)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အခမ်းအနားသို့ ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းကျောင်းအုပ်နှင့် ဆရာမများနှင့် သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)