သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်၍ မင်းလှမြို့ ဝေဠုဝန်‌ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီးအား ရည်စူးဆွမ်းကပ် တရားပွဲကျင်းပ

မင်းလှ မေ ၉

သီတဂူဆရာတော် အရှင်ဉာဏိဿရ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သက်တော် (၉၈)နှစ်၊ ဝါတော်(၇၈)ဝါရှိ ဝေဠုဝန်‌ပရိယတ္တိ စာသင်တိုက်ကြီး၏ ဆရာတော်ဘုရားကြီးအား ရည်စူး၍ ဆွမ်းကပ်တရားပွဲကို ယနေ့နံနက် ၉ နာချိန်က အဆိုပါ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်းသွတ်တရားပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့၍ သီတဂူဆရာတော်ကြီးမှ ငါးပါးသီလချီး မြှင့်ပေးတော်မူခဲ့သည်။ ဆက်လက်၍ မေလ ၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ချိန်က ဘဝနတ်ထံ ပျံလွန်တော်မှုသွားသည့် ဝေဠုဝန် ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တ ကုဏ္ဍလ မဟာထေရ်မြတ် သက်တော်(၉၈)နှစ်၊ ဝါတော် (၇၈)ဝါရှိ ဆရာတော်ဘုရားကြီးအား ရည်စူး၍ လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးနှင့် သံဃာ တော်အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းပေးခဲ့သည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီးမှ  ဓမ္မဒေသနာများ ဟောကြားချီးမြှင့်တော်မှုခဲ့ပြီး၊ ဘဝနတ်ထံ ပျံလွန်တော်မှုသွားသည့် ဝေဠုဝန်ဆရာတော်ဘုရားကြီးနှင့်တကွ (၃၁) ဘုံသားတို့အား ရေစက်သွန်းချ အမျှတန်းပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဝေဠုဝန်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသဘင်အား ဝေဠုဝန်‌ပရိယတ္တိ စာသင်တိုက်နှင့် အမှတ်(၂)ရပ်ကွက်၊ အ.ထ.က (မြို့တွင်း) အားကစားကွင်းတို့၌ ယနေ့မွန်းလွဲ ၂ နာရီချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)